Thursday, December 22, 2011

ကာကွယ်ဆေး........ကာ......ကွယ်........ဆေး

 ကာကွယ်ဆေး.....  သမီးကို ရွာမှာ ပြန်မွေးပြီး ၃ လသမီးကျ စင်ကာပူကို ပြန်ခေါ်လာမယ်လို့ စီစဉ်ထားတာမို့ စလုံးက ကာကွယ်ဆေး၊ ရွာက ကာကွယ်ဆေး မတူတာတွေရှိပြီး ကမောက်ကမ ဖြစ်မှာစိုးလို့ သမီးလေးကို ကိုယ်ဝန်ဆောင်ကတည်းက ဒီကာကွယ်ဆေးဆိုတာ ကို ကျွန်မ လေ့လာ၊စုံစမ်း၊ စပ်စုနေခဲ့တာ....။ သမီး ၅လခွဲမှပဲ ပြန်လာဖြစ်တော့ အတွဲလိုက် ထိုးရမယ့် ဆေးတွေအတွက် ကမောက်ကမ မဖြစ်ခဲ့ဘူး၊ 

သမီးကို ပြည်မှာမွေးပြီး ရွာက ဆေးရုံမှာ ရောက်ရောက်ချင်း  မွေးစာရင်းလုပ်ထားတော့ အစိုးရ စီမံချက်နဲ့ ကာကွယ်ဆေးထိုးမဲ့ စာရင်းထဲ ပါပြီးသားပေါ့။ ဘီပိုးကာကွယ်ဆေးတစ်ခုပဲ အပြင်က ဝယ်ထိုးခဲ့တယ်။ မွေးမွေးချင်းထိုးလို့ရတယ်လို့ ဖတ်ထားဖူးလို့ မွေးခဲ့တဲ့ ဆေးရုံမှာပဲ ထိုးခဲ့တယ်။ ဒါတောင် ကျွန်မက ဆေးရုံကို ကြိုမပြောမိလို့  သမီးလေး ၄ ရက်သားကျမှ ပထမဆုံး ဘီပိုး ကာကွယ်ဆေး ထိုးရတယ်။ 

ကလေးအထူးကုဆရာဝန်မကြီးနဲ့ နောက်ကပါလာတဲ့ ဆရာဝန်၊ သူနာပြုတစ်စု သမီးလေး အိပ်နေတဲ့ အိပ်ရာလေးကို ဝိုင်းလိုက်ကြကတည်းက (ဗိုက်ခွဲထားလို့ အိပ်ရာပေါ်မှာ ပက်လက်ဖြစ်နေတဲ့ ) ကျွန်မ မျက်နှာမသာယာတော့ဘူး။ ခဏနေတော့ သမီးလေးရဲ့ စူးစူးဝါးဝါး ငိုသံ "အား... အား..." ဆိုကြားရတော့ သနားလွန်းလို့ ဆရာဝန်တွေ အခန်းဝရောက်လောက် ထိပဲ ထိန်းနိုင်ပြီး ကျွန်မ မျက်ရည်ဖြိုင်ဖြိုင်ကျတော့တယ်။ မီးတွင်းထဲမှာ ငိုရင် ခေါင်းကိုက်တတ်တယ် ဆိုပြီး  သတိပေးကြပေမယ့် သမီးလေးက အငိုတိတ်တဲ့ထိ ကျွန်မမှာ တရှုံ့ရှုံ့ငိုကောင်းတုံး...။
(ဒီတစ်ခါပါပဲ... နောက်ထပ်ကာကွယ်ဆေးတွေထိုးတော့ သမီးနဲ့အတူ အမေလုပ်သူပါ မျက်ရည် လိုက်မကျတော့ပါဘူး  :P)

ကျွန်မငိုနေတော့ မောင်ကြီးက "ကိုယ့်သမီးလေး ကောင်းဖို့လုပ်တာပဲ၊ ဝမ်းတောင်သာရအုံးမှာ ... မငိုနဲ့ ....တိတ်..တိတ်... " လို့ ချော့ပါတယ်။ ညနေပိုင်း သမီးကို အသားဝါ စစ်ဖို့ သွေးလာဖောက်တော့ အော်ငိုရပြန်တဲ့ သမီးကို ကျွန်မက "သမီးလေး မငိုနဲ့ ပြီးပြီ " လို့ ချော့နေတုံး မောင်ကြီးပျောက်နေလို့ ရှာကြည့်တော့ ကျွန်မနဲ့ သမီးအိပ်နေတဲ့ ကုတင်ခြေရင်းဘက် အခန်းဝ ထောင့်ကလေးမှာ စိတ်မကောင်းခြင်းကြီးစွာ လို့ ဖော်ပြနေတဲ့ မျက်နှာအိုအိုနဲ့ သမီးလေးကို စိုက်ကြည့်နေလိုက်တာ.... ။ ဆရာဝန်မလေး ပြန်ထွက်သွားမှ  မနက်က သူပြောထားတဲ့ စကားနဲ့ သူ့ ပြန်နောက်ပြီး ရယ်ကြရတယ်..။ 

သမီးက ငယ်ငယ်လေးနဲ့ လူလည်ကလေးဖြစ်ပါသည်။ သူ့အသက် ၁ လခွဲမှာ ပိုလီယိုဆေး ပထမဆုံးအကြိမ် တိုက်သောအခါ အခြားကလေးတွေ အသာတကြည်ပါးစပ်ဟ သော်လည်း သူက ပါးစပ်ကို အတင်းစေ့ပိတ်ထား၍ မနည်းထည့်ရသည်။ သူ့အလှည့်ပြီး ပြန်ထွက်လာတော့ သမီးပါးစောင်က ပန်းရောင်စီးကြောင်းလေး ၂ ခုစီးကျလာ၍ ကျွန်မက လက်ညှိုးနဲ့ တို့ပြီး မြည်းကြည့်တော့ ငန်ငန်လေးဗျ.. ၊ ဒီကလေးမ အစက်ချဆေးကို မျိုမချပဲ ငုံထားပြီး တဖြည်းဖြည်း ပြန်ထွေးထုတ်တာကိုး...။ ပိုလီယို အစက်ချဆေး ၃ ကြိမ်လုံး သူ ဒီနည်းနဲ့ သေချာမသောက်ခဲ့ချေ။ (သမီး၏ သောက်ဆေးအားလုံးသည် သမီးပါးစပ်ထဲ မထည့်ခင် ကျွန်မ အရင်ဆုံး မြည်းဖူးပြီးသားချည်းဖြစ်ပါသည်။ ပိုလီယိုဆေးကျ ဆရာမ ကိုယ်တိုင် ကလေးကို အစက်ချတာဆိုတော့ ကျွန်မ အရသာမသိရတော့ဘူးလို့ စိတ်မကောင်းဖြစ်နေတာ သမီးကျေးဇူးကြောင့် မြည်းခွင့်ရလိုက်ပါသည်။)

မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနမှာ ကာကွယ်ဆေးထိုးချိန် သွားတိုင်း သူ့ထက်ရက်ပိုင်း၊ လပိုင်းကြီးတဲ့ကလေးတွေထက် သူက လူကောင်ကြီးနေတတ်သည်။ ပေါင်မှာထိုးရသော DTP  ဆေးမှာ တော်တော်ပျစ်သည်ထင်ပါသည်။ ထိုးခံရသောကလေးများ ဆေးအရှိန်နှင့်  ၁ ရက် ၂ ရက် လောက် ဖျားတတ်ကြသည်။ ညဘက် မအိပ်နိုင်ပဲ အီနေတတ်ကြသည်။ မိဘများ စိတ်ညစ်ရသောဆေးပင်..။ စိုးရိမ်စရာတော့ မလိုပါ။ ကလေးပါရာစီတမောလ် တိုက်နိုင်သည်ဟု ဆိုသည်။ ရေပုံမှန် ဆက်ချိုးပေးနိုင်သည်။  ဆေးထိုးခံရသောနေရာမှာ အကျိတ်ပေါ် တတ်၍ ရေခဲတုံးကပ်ပေးရသည်။ သမီးလေးမှာ ၁လခွဲသမီးတုံးက တစ်ခါသာ DTP ကြောင့် ကိုယ်တွေ တအားပူကာ တစ်ည မအိပ်နိုင်ပဲအီနေဖူးသည်။ အိပ်ရာပေါ်ချလိုက်သည်နှင့် ထ ငိုနေ၍ ကျွန်မက ခြင်ထောင်ထဲမှနေ အုတ်နံရံကို ခေါင်းအုံးခံ ကျောမှီ၍ သမီးကို တင်ပျဉ်ခွေပေါ် တင်သိပ်ကာ အိပ်ရသည်။ ခြင်သံ တဝီဝီနားဆင်ပြီး အိပ်ခဲ့ရသောညပေ။ မမလေးက လာစောင့် အိပ်ပေးမည် ဆိုသော်လည်း ကျွန်မ လက်မခံ၊ သမီးကလည်း သူ့ကြီးကြီးလက်ပေါ်မှာ ခါတိုင်းနေသော်လည်း အဲဒီညက မအေမှ မအေ ဖြစ်နေ၍ပင်။ ထိုတစ်ခါ သာ ဖြစ်၍ နောက်ပိုင်းထိုးတော့ တစ်ခဏသာ ဖျားပြီး ညဘက် ကောင်းကောင်းအိပ်ရှာသည်။

ဘီပိုးကာကွယ်ဆေးက ဘယ်နှစ်ခါထိုးထိုးရတယ်တဲ့၊ ကျွန်မတို့က အပြင်မှာဝယ်ထိုးတာဆိုတော့ မိခင်နဲ့ကလေးက ထိုးတဲ့ အချိန်မှာလည်း ဝင်ထိုးဖို့ကလေးဆရာဝန်ကပြောပါသည်။ ကျွန်မတို့ က ကာကွယ်ဆေးဆိုတာ ရောဂါပိုးကို ခန္ဒာကိုယ်ထဲ ထည့်ပြီးမွေးထားတာ၊ အဲ့ရောဂါဝင်ရင် ခုခံ တိုက်ဖျက်ဖို့လို့ ထင်ထားတော့ လိုအပ်တဲ့ အကြိမ်ထက်ပိုထိုးမိရင် ပိုးတွေ လိုတာထက်ပိုပြီး ခန္ဒာကိုယ်ထဲရောက်ကုန်မယ်လို့တွေးမိတာ...။ ဆရာဝန်ကို ရရဲ့လား ဆိုတာ မေးကြည့်ရသေးသည်။ ဆရာတတ်တယ် ထင်မှာစိုးလို့ ကိုယ့်အထင်တွေတော့ မပြောခဲ့ပါ။ ပြောချင်ရင်လည်း သူတို့ နားထောင်ဖို့ အချိန်မပေးနိုင်ပါ။ ကိုယ့်နောက်မှာ ပြဖို့ တန်းစီစောင့်နေတဲ့ ကလေးထုကြီးကို အားနာရပါသည်။ ရန်ကုန်ကရော၊ ပြည်ကရော ကလေးအထူးကု ၂ ယောက်လုံးက ထိုးသာထိုးပါ၊ ရပါသည် ဆိုမှ ထိုးမယ်ဆုံးဖြတ်ခဲ့တာ..။ 

(သို့သော် ကိုယ်ဝင်ထိုးမယ့် ၂ ကြိမ်လုံး ဘီပိုးကာကွယ်ဆေး မိခင်နဲ့ ကလေးဌာနမှာ ပါမလာပါ။ မထိုးပေးသော်လည်း ထိုးပြီးကြောင်းမှတ်တမ်းတွေ ရေးနေ၍ ကွန်ပလိန့်တက်ခဲ့သေးသည် ။ တခြားလူတွေရဲ့ ဆေးထိုးကဒ်မှာလည်း မထိုးရသေးပဲ ထိုးပြီးပြီချည်း ရေးနေသည်။ ကလေးကာကွယ်ဆေးထိုးဖို့၊ တိုက်ဖို့လာကြဆိုလို့ ကလေးချီပြီးရောက်လာကာ၊ ဘာဆေးတွေ ထိုးမယ်၊ တိုက်မယ်မှန်း မသိတဲ့ အမေများ ဘယ်လိုလုပ်မည်နည်း၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနက ကလေးတွေ အမေတွေ လူတွေအများကြီးရှေ့မှာ သူနာပြု ဆရာမကို ဆက်ဆရာ မလုပ်လို (ကိုယ့်ကဒ်တုံးကလည်း  တစ်ခါပြောပြီးပြီ၊  ကျေနပ်လောက်သော အဖြေမရ ၊ ခက်တာပဲဟုသာ စိတ်ထဲမှ ရေရွတ်ရင်း ပြန်ခဲ့ရသည်။ ကျွန်မ ကိုယ်ဝန်နဲ့တုံးက ပထမဆုံးအကြိမ် သွားပြ၊ စာအုပ်လုပ်တုံးကလည်း လောလောဆယ်သောက်နေသောဆေးမေး၍ ကိုယ်ဝန်ဆောင် ငါးကြီးဆီ သောက်နေသည်ဟု ဖြေလိုက်ရာ၊ အဲဒီဆရာမကပဲ ပြူးပြူးပျာပျာနှင့် ကိုယ်ဝန်သည် ငါးကြီးဆီနှင့် လုံးဝ မတည့်၊ ချိတတ်သည်၊ အထဲက ကလေးနှင့်လည်း မတည့်ဟု ဆိုသည်။ ကျွန်မမျက်လုံးပြူးသွားပြီး မောင်ကြီးဆီ ဖုန်းတွေ ဘာတွေ လှမ်းခေါ်ပြီး တိုင်ပင်ကာ ကိုယ်ဝန်ဆောင်ငါးကြီးဆီကို ဆက်မသောက်ပဲ ရပ်ရကောင်းနိုးဖြစ်သွားသေးသည်။ ဆရာဝန်ညွှန်သောဆေးဖြစ်၍ ဆက်သောက်ဖြစ်သွားသည်။ ဆရာမကို အပြစ်တင်ချင်၊ လှောင်ချင်သောစိတ်ဖြင့် ရေးခြင်းလုံးဝမဟုတ်ပါ။ ဆရာမမှာ ခေတ်မီဆေးဝါး နှင့် နည်းပညာများကို ဖတ်ဖို့ စာအုပ်၊ အချိန် ၇ှိချင်မှ ရှိပါလိမ့်မည်။ ဖတ်စရာ စာအုပ်ကျွန်မတို့ နယ်ဘက်မှ သားဖွားဆရာမ အစရှိသည့် ကျန်းမာရေးဝန်ထမ်းများ မွမ်းမံသင်တန်း ပေးဖို့ လိုသည်ဟု ကျွန်မ အထင်ဖြစ်ပါသည်။

မြန်မာပြည်မှ ကလေးကာကွယ်ဆေးထိုးခြင်းဇယား ဒေါက်တာရဲမြင့်ကျော်စာအုပ်မှ အတိုချုပ်ကူးထားပါသည်။ စင်ကာပူမှ ဇယားကတော့ အလွယ် သူ့လင့်ခ်မှာ ဝင်ကြည့်နိုင်ပါသည်။ ကျွန်မ အချိန်ရလျှင် စာရိုက်တင်ထားပါမည်။ မြန်မာပြည်မှာ ကလေးပြန်မွေးပြီး စင်ကာပူခေါ်လာမည့်အစီအစဉ်၊ (သို့) စင်ကာပူမှာ မွေးပြီး မြန်မာပြည်မှာ ကလေး ပြန်ထားမည့် အစီအစဉ်ရှိသူများအတွက်ဖြစ်ပါသည်။

ကာကွယ်ဆေးများ (မြန်မာပြည်)  -->ဒေါက်တာရဲမြင့်ကျော်စာအုပ်မှ

တီဘီကာကွယ်ဆေး (BCG)
 မွေးမွေးချင်းပခုံးကိုထိုးရန်။ ဆေးအောင်ပါက ထိုးပြီး ၁ လခွဲမှ ၃ လ ကြာလျှင်ပြည်တည်၍ ယဉ်းလာပြီး အမာရွတ် ဖြစ်လာမည်။
မြန်မာပြည်က မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနမှာတော့ အနည်းဆုံး ၁လခွဲမှ ကာကွယ်ဆေး စထိုးခိုင်းလို့ သမီးလေး ၄၅ ရက်ပြည့်တဲ့နေ့မှာ BCG ထိုးခဲ့တယ်။
ဆုံဆို့ ၊ကြက်ညှာ၊ မေးခိုင် (DPT)
အသက် ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ တို့တွင် (၃)ကြိမ် ပေါင်ကိုထိုးရန်။
*မြန်မာပြည်တွင်သုံးသောဆေး= cellular vaccine
* အချို့နိုင်ငံများတွင် သုံးသောဆေး= acellular vaccine
(ထိုးလက်စ ဆေးသာဆက်ထိုးရမည်ဖြစ်သည်။)
ပိုလီယို (Polio vaccine)
ထိုးဆေး၊ သောက်ဆေး ၂ မျိုးရှိ၍ မြန်မာပြည်တွင် သောက်ဆေးသုံးသည်။
* အသက် ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ တို့တွင် Trivalent (ပိုး ၃ မျိုးပါသည့်ကာကွယ်ဆေး)
*အမျိုးသားကာကွယ်ဆေးတိုက်နေ့များတွင် Monovalent Vaccine ကို အားဖြည့်တိုက်ကျွေးသည်။
**(mono တိုက်ပြီးသော်လည်း Tri မတိုက်ရသေးလျှင် တိုက်ရဦးမည်ဖြစ်သည်။
ဝက်သက် (Measle)
အသက် ၉ လတွင် လက်မောင်း(သို့) ပေါင်တွင် ထိုးသည်။ အခြားနိုင်ငံများတွင် ၁ နှစ်ပြည့်မှ ထိုးသည်။ “ဝက်သက်ပြီး”တတ်သဖြင့် အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ဒုတိယအကြိမ် ဝက်သက်ကာကွယ်ဆေး ထပ်ထိုးသည်။
အချို့နိုင်ငံများတွင် အသက် ၄ နှစ်မှ ၅ နှစ်အတွင်း ဒုတိယ အကြိမ်ထိုးသည်။ ပထမအကြိမ်နှင့် ဒုတိယကြား အနည်းဆုံး ၃ လခြားသင့်သည်။
အသည်းရောင် ဘီကာကွယ်ဆေး
ဝ၊ ၁၊ ၆ (မွေးမွေးချင်း၊၁လ၊ ၆လ .. ၃ခါထိုး) (သို့မဟုတ်)
၁ခွဲ၊ ၂ ခွဲ၊ ၃ ခွဲ ( ၁ လခွဲ၊ ၂လခွဲ၊ ၃ လခွဲ… ၃ ခါထိုး)(သို့မဟုတ်)
ဝ၊ ၁ ခွဲ၊ ၃ ခွဲ ( မွေးမွေးချင်း၊ ၁ လခွဲ၊ ၃ လခွဲ … ၃ ခါထိုး)
**ငယ်စဉ်က ဘီပိုးကာကွယ်ဆေးထိုးထားတိုင်း တသက်လုံး မကာကွယ်ပါ။ ငါးနှစ် ၁ ခါ၊ ၁ လုံးစီ ထပ်ထိုးရပါမည်။


မြန်မာပြည်စီမံချက်တွင်မပါသော်လည်း ပြင်ပမှ ဝယ်ထိုးနိုင်သောဆေးများ

၁။ ဝက်သက်ကာကွယ်ဆေးအစား ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ၃မျိုးတွဲ MMR (Measles, Mumps, Rubella vaccine) ထိုးနိုင်သည်။
အသက် ၁ နှစ်မှ ၁ နှစ်ခွဲအတွင်း ၁ ကြိမ် အသားဆေးကို ပေါင် (သို့) လက်မောင်းတွင် ထိုးရသည်။

၂။ ဦးနှောက်အမြှေးရောင်နှင့် နမိုးနီးယားကာကွယ်ဆေး
Haemophilus influenza ပိုးကို ကာကွယ်သည့်ဆေး။
အသက် ၂ လ၊ ၃ လ၊ ၄ လ၊ ၁ နှစ် ၄ လ ….. ၄ကြိမ်ထိုးရသည်။

၃။ ဦးနှောက်အမြှေးရောင်နှင့် နမိုးနီးယား ဖြစ်စေသော အခြားပိုးများအတွက် Pneumococcal vaccine နှင့် Meningococcal vaccine တို့မှာ အခြားနိုင်ငံများတွင် စသုံးနေကြပြီ ဖြစ်သည်။  

၎။ အသည်းရောင် (A) ကာကွယ်ဆေး၊ ကလေးများတွင် ဘီပိုးလောက် ဒုက္ခ မပေးသည့်ရောဂါဖြစ်၍ သိပ်မတွင်ကျယ်သေးပါ။

စင်ကာပူနိုင်ငံမှ ကလေးကာကွယ်ဆေးထိုးရန် ဇယား http://www.huggies.com.sg/immunization-schedule-singapore.aspx သွားကြည့်နိုင်ပါသည်။

2 comments:

Anonymous said...

မှတ်သားနာယူလေ့လာသွားပါသည်....အမှန်တစ်ကယ်အသုံးချမည့်အချိန်တွှင်တစ်ခေါက်ပြန်လာဖတ်ပါမည်...။အဲဒိနစ်နေရာလုံးတွင်မဟုတ်လျှင် ဘယ်လိုလုပ်ရမလဲလဲရေ့းပါလေ..............



ချစ်သောတီတီတောတော

Thandar Lwin said...

စင်စင်ရေ ကျေးဇူးကမ္ဘာနော်။