Friday, February 8, 2019

Blog ဖုန်ခါ

မတော်တဆ ကိုယ့်ဘလော့ကိုယ်ပြန်ကြည့်မိတာ မရေးတာ နှစ်ပေါက်နေပါလားဆို တခုခုရေးဖို့ ဝင်လာတာ။ တနေ့က ငယ်နဲ့ညို တရုတ်နှစ် ရုံးကူးပိတ်လို့ အိမ်လာပြီး ကြာဆံချက် အသုပ်စုံ၊ ဆေးကုလားမ ဖျော်ရည်တွေ တိုက်ကျွေးသွားကြတဲ့ပုံတွေပဲ တင်တော့မယ်။ ၂၀၀၄-၂၀၀၅ ဖောင်ကြီးသင်တန်းမှာ တဆောင်ထဲနေခဲ့ကြတဲ့ ညီအစ်မတွေ ၁၀ စုနှစ်ကျော်ပေမယ့် ခင်နေချစ်နေကြဆဲပဲ။

Monday, February 13, 2017

Family Day out

 M    ဖေဖေနဲ့ သားတို့ သမီးတို့ ပိတ်ရက်ချင်းမတူလေတော့ အပတ်စဉ် ဖေဖေညနေအားတဲ့ တနလာင်္နေ့ညနေတွေ ကလေးတို့ ကျောင်းဆင်းချိန် အပြင်လိုက်ပို့ဖြစ်တယ်။ ဒီတပတ်သွားတာ Vivo City ကို...။ မရောက်တာကြာတော့ ကလေးကစားဖို့နေရာတွေ အသစ်ပြန်ပြင်ထားတာ မသိလိုက်ဘူး..။

Sunday, January 29, 2017

ဦးကိုနီ

နိုင်ငံတော်ရဲ့ ဥပဒေအကြံပေး NLD ပါတီက ဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်သမားရဲ့ လုပ်ကြံခံရလို့ နေရာမှာပဲ ကျဆုံးသွားတယ်။
အင်မတန် စိတ်မကောင်းဖြစ်ရတဲ့နေ့မို့ မှတ်တမ်းထားထားတာပါ။
နောက်မှပဲ ပို့စ်ကို အက်ဒစ်လုပ်ပြီး ဦးကိုနီဓာတ်ပုံ၊ ဘိုင်အိုဂရပ်ဖီတွေ ကူးထည့်တော့မယ် ။



ဦးကိုနီ ( ဥပဒေအကြံပေး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )




လူသတ်သမားကို အုတ်ခဲနဲ့ထုပြီး ဝိုင်းဖမ်းပေးတဲ့ တက္ကစီဆရာ ကိုနေဝင်းလဲ သေနတ်မှန်ပြီး ဆုံးသွားတယ်။

ကိုနေဝင်း (လေဆိပ် Taxi ဆရာ)



Tuesday, January 24, 2017

မှုံမောင်ကျောင်း Fruit Day

ကျောင်းက Fruit Day က ဗုဒ္ဓဟူးဖြစ်သွားပြီ။
မှုံ ငှက်ပျော( မနှစ်က တနှစ်လုံး စပျစ်သီးစားတယ်။ ဒီနှစ် အစ ကတည်းက ငှက်ပျောသီးထည့်ပေးဖို့ပြောလို့ ) ။
.. မောင်မောင်လေးက လိမ္မော်သီး

ကျန်ရက်တွေကျောင်းကကျွေးတယ်..
တနလာင်္- macaroni ( သို့) ဆန်ပြုတ်
အင်္ဂါ- မိုင်လို ( သို့) နို့
ဗုဒ္ဓဟူး- Fruit Day . အသီးအိမ်ကထည့်ပေးရတယ်။
ကြာသပတေး- ပေါင်မုန့် နဲ့မိုင်လို
သောကြာ - cereal

အပတ်စဉ် ဒီအစာပဲကို အရသာပြောင်းပြီးချက်တယ်။ လူမျိုးဘာသာပေါင်းစုံကလေးတွေ စားလို့ရအောင် အစာအားလုံးက Halal ဟာလာ တွေဖြစ်တယ်။ ဟာလာမဟုတ်မှာစိုးလို့ ကျောင်းသားမိဘများက ပြင်ပအစားအစာကျွေးလို့မရပါဘူး ။ ကျွေးချင်ရင် ကလေးမွေးနေ့မှာ ကိတ်ကျွေး၊ မုန့်ကျွေးလို့ ရပါတယ်။
ကျောင်းပထမဆုံးတက်တဲ့နေ့က ကျောင်းခန်းထဲ ဝင်လိုက်လို့ ရတုံးက ကလေးအမေတယောက် ဆရာမကိုမေးလို့ ဆရာမရှင်းပြတာကြားထားတာ။ ကျောင်းပထမနေ့မှာပဲ ကလေးတွေထဲ vegetarian ပါသလားလို့ မိဘတွေကို မေးတယ်။  




သား N1 ကျောင်း

ယနေ့....
တညလုံး မိုးတစိမ့်စိမ့်နဲ့ဆိုတော့ သမီးကို ၈ နာရီကျောင်းအမီအတော်နှိုးယူရတယ်။ ခါတိုင်းလို နိုးလျက်နဲ့ အီလေးဆွဲနေတာမဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာနှိုးရတော့ သနားသား..။ တော်သေးတယ်.. ကြည်ကြည်လင်လင်နိုး.. မုန့်တခုစားပြီးကျောင်းသွားတယ်။
သားကျောင်းက ၁၀ နာရီကနေ ၁၂ ကို ၉ နာရီ ၄၀ ထိ တအားအိပ်နေတော့ သနားနားနဲ့နှိုးရပြန်.. ၊ အတော်နဲ့မနိုးလို့ သနားပြီး ကျောင်းမပို့ရင်ကောင်းမလားအတွေးပေါ်လိုက်.. မနက်က ၈-->၁၀ တန်းကလေးတွေတောင် အိပ်ချင်မူးထူးနဲ့ကျောင်းသွားကြတာပဲလို့ ဆိုပြီး အတင်းနှိုး မျက်နှာသစ် သွားတိုက်.. မငိုလို့တော်သေးတယ်။ ပေါင်မုန့်တခြမ်း နဲ့ရာကွတ် ဘူးဝက် လမ်းမှာစားတယ်။ အတန်းရှေ့ရောက်တော့ မဝင်ချင်လို့ မေမေ့ကို ဖက်ထားတယ်..၊ မေမေက သားလက်ဆွဲပြီး ကျောင်းခန်းဝထိပို့ပေးတော့လဲ ဝင်တော့ ဝင်သွားရှာတယ်..။ တာ့တာလုပ်ခိုင်းတာ ခါတိုင်းလို မလုပ်ဘူး ။ လက်တဖက်တချက်စီမှာ ကိုင်ထားတဲ့ ပေါင်မုန့်နဲ့ ကားဘီးလေးတွေ မေမေသိမ်းထားမယ်၊ သားကျောင်းဆင်းရင် မေမေပြန်ပေးမယ် ဆိုတော့ ပထမဆုံးအကြိမ် အသာတကြည်ပေးတယ်။ သူ့လက်ထဲက ပစ္စည်း တောင်းရင် ဘယ်တော့မှ တောင်းမရဘူး..ပေါင်မုန့်ဆိုလဲ စားရင်းဆက်မစားတော့လို့ ပေးတော့ဆို မပေးဘူး.. ကိုင်ထားတယ်..သူအိပ်ပျော်သွားမှ လေသလပ်လို့ မာခြောက်နေတဲ့ ပေါင်မုန့် ယူလွှင့်ပစ်ရတယ် ။ မနေ့က ကျောင်းအသွား သူ့လက်ထဲ အရုပ်သေးတခုကိုင်သွားတာ ကျောင်းထဲ အိမ်ကအရုပ်မယူရဘူးမှန်းသိလို့ အမေက ပြန်တောင်းတာ တောင်းမရဘူး..၊ အထဲမဝင်ခင် ငိုယိုနေမှာစိုးလို့ အတင်းယူမထားလိုက်ဘူး.. ။ အပြန်ကျောပိုးအိတ်ထဲမှာ အရုပ်လေးတွေ့တယ်။ အထဲမှာ ဆရာမနဲ့ပဲရှင်းတယ်ထင်ပါရဲ့ .. ဒါကြောင့် ဒီနေ့လက်ထဲက ပစ္စည်းတွေ တောင်းလို့ရတာ ..။ ဒီလိုနဲ့ပဲ သေဝပ်ရမှာပဲလေ ..။
အိမ်မှာ မြန်မာလိုပဲ ပြောလို့ ဆရာမပြောမယ့် အင်္ဂလိပ်လိုကို နားမလည်သေးတဲ့ သားလေး..၊ အိမ်မှာ မြန်မာလို ထိုင်ခိုင်း ၊ ထခိုင်း၊ တခုခုသွားယူခိုင်း၊ ပစ္စည်းသိမ်းခိုင်းတာကို သူမလုပ်ချင်ရင် ခိုင်းမရတဲ့ သားညစ်ကျယ်ကလေး.. ကျောင်းမှာတော့ ဆရာမခိုင်းတာမလုပ်ရင် ကလေး ၁၀ ယောက်ကျော်ကြည့်နေရတဲ့ ဆ၇ာမက စိတ်မရှည်လို့ လေသံမာမာ မျက်နှာထားတင်းတင်းပြောတာ ခံချင်ခံရမှာပေါ့ ..။ ဒါမှလဲ သားလေး သိတတ်လာ ၊ နာခံတတ်လာမှာပေါ့ ။

မမတုံးက ကြောက်တတ်တယ် ၊ ဆရာမခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်တယ်၊ ကျောင်းမှာဆို အေးတယ် ၊ သူများနဲ့ တခုခုဆိုရင် ပြန်မပြောတတ်၊ မပြောရဲ ၊ မတိုင်တတ် .. အေးဆေးတယ်ဆိုပြီး ဆရာမတွေက ချစ်ကြတယ်။
သားကလေးကျရင်တော့ မမနဲ့ ဆန့်ကျင်ဘက်မို့လို့ ဆရာမတွေ အတော်ထိန်းရမယ်... ချစ်တဲ့ထဲ ပါမှာမဟုတ်ဘူးလို့ ဖေဖေက ကြိုခန့်မှန်းထားခဲ့တာ ..။
မနေ့က ကျောင်းကြိုစောစောရောက်တော့ သားတို့အခန်းထဲ မှန်ကနေ ဝါးဝါးလေးကြည့်ထားတာ .. ဆရာမထိုင်ခိုင်းတာ မထိုင်တဲ့သားကို ဆရာမက ပခုံးကနေဖိပြီး ထိုင်ခိုင်းတယ်..။ ကျောပိုးအိတ်လွယ်ပေးဖို့ ထ ခိုင်းတာ မထလို့ လက်ကို မညင်မသာဆွဲပြီး ထ ခိုင်းတာ မြင်ထားတာရယ်၊ီမနက် သား အခန်းထဲ ဝင်ကာနီး မဝင်ချင်လို့ မေမေ့ဖက်ထားတာရယ်ကြောင့် မေမေစိတ်ထဲ တမျိုးလေးဖြစ်လို့ .. ချရေးထားတယ် သားရေ ..။


Saturday, January 21, 2017

အထုပ်ကြီး ၃ ထုပ်နှင့် ခရီးသည်

သူငယ်တန်းစာပေးစာယူသင်တန်းမှာ စာမေးပွဲမရှိတော့ တနှစ်စာ သင်ယူမှုမှတ်တမ်းကို မိဘကဖြည့်ပြီး မြန်မာသံရုံးကို ပြန်ပို့ပေးရတယ်။ ဖြည့်ရမယ့်စာရွက်က တပတ်ကြိုကတည်းက စာတိုက်ကတဆင့်ရောက်နေတယ်။ ဒီတပတ် စနေတနင်္ဂနွေပိတ်ရက် သံရုံးဝန်ထမ်းတွေ ရုံးတက်ပြီး ဒီမှတ်တမ်းတွေ လက်ခံမယ်။ နားရက်မနားပဲ လုပ်ပေးတာကျေးဇူးတင်စရာပါပဲ.. ။ သံရုံးအသိတယောက်မှမရှိတဲ့ ကိုယ့် ဖဘမှာပဲ ကျေးဇူးတင်လိုက်တယ်။ မနက်ကသံရုံးမှာတော့ ကျေးဇူးတင်စကားမပြောခဲ့ဘူး .. ငိငိ ။ ကလေး ၂ ယောက်ကတော့ ပေးလိုက်တဲ့ ချိုချဉ်တွေပါ သမ လာကြသေးတယ်။ 2016 မေလတုံးကလား... ကျောင်းအပ်တုံးကဆို ဝဘ်ဆိုက်က ကြိုကျေညာတဲ့ စာရွက်စာတမ်းထက်ပိုလိုအပ်နေလို့ သံရုံး မိတ္တူကူးစက်မှာ တနာရီကျော် ချွေးတလုံးလုံးတန်းစီရ.. ကလေးကငို၊ ချွေးကစိုနဲ့ အတော် သုခရောက်ခဲ့တာ။ ကြိုရောက်နေတဲ့ အက်ဒဝင်မေတို့ မာမီ ကူညီလို့ တိုကင်နံပါတ်လေး ရတာ ။ ( မြန်မာပြည်ရုံးတို့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဒီလိုလုပ်ပါ ညွှန်ကြားလိုက်တော့ ဒီလိုလေး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားရော ၊ တကယ့်နေ့ကျရော .. ဟိုလိုလေးလုပ်လိုက်ပါလားလို့ ပြောင်းပြောတော့ ကမောက်ကမတွေ ဖြစ်ကုန်ရော ဆိုတာ ကြုံဖူးလို့ ဒီလိုကနေ ဟိုလို ပြောင်းတာနေမယ်လို့အဆင်ပြေအောင်တွေးလိုက်တယ်)။ ပညာရေးနဲ့ နိုင်ငံခြားရေး ဌာန ၂ ခု တွဲလုပ်ရတဲ့အလုပ်မှာ ကိုယ့်ရှေ့က မြင်နေရတဲ့ နိုင်ငံခြားရေးက မိတ္တူကူးနေတဲ့ ဝန်ထမ်းကို ဖိဟောက်နေတော့ ဘာများထူးခြားပြောင်းလဲ သွားမှာလဲ ..။ အဲဒီတုံးက ရာချီနေတဲ့ မိဘပေါင်းများစွာ ချွေးတလုံးလုံးနဲ့ တန်းစီ.. မိတ္တူကူးတဲ့ဝန်ထမ်းလဲ တယောက်ထဲ လက်မလည်ချွေးတလုံးလုံးနဲ့ လုပ်နေရတာကို အတင်းလာ သဟောက်သဟမ်းလုပ်နေတဲ့ လူတယောက်(ကလေးအဖေတယောက်)ကို ပြန်မြင်ယောင်မိသွားလို့ ..။ဘေးကလူတွေအကုန်လုံး သူ့ကို မနှစ်မြို့သလို ဝိုင်းကြည့်ကြ .. သူ့မိန်းမက နောက်ကနေ တိုးဝင်လာပြီး သူ့ဟောက်လိုက်တော့ သူ ငြိမ်သွားရော အေးတာပဲ .. :D :D ။ ကွန်ပလိန့်တက်ချင်ရင်လဲ ထိရောက်တဲ့လူ၊ တာဝန်ရှိလောက်တဲ့လူကိုပြောပေါ့ ..။ နာက်ပြီး သံရုံးဝန်ထမ်းအားလုံးအလုပ်ရှုပ်နေတဲ့ကြားက ပြုံဲးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေ လုပ်ပေးတယ်။ နင်တို့ကလေးကိစ္စကို ငါတို့ ရုံးပိတ်ရက်ကို မနားရပဲ လာလုပ်ပေးနေရတာရယ်လို့ ဆိုတဲ့ မျက်နှာထား တယောက်မှ မရျိဘူး (စိတ်ထဲတော့ ရှိချင် ရှိမပေါ့ .. ကိုယ်ဆိုလဲ ငြိုင်ြင်မှာပဲလေ..။ ) အဲဒီတုံးက အမှတ်ပေးထားတာ ..။ မဲသွားပေးတုံးကလဲ ပေးထားခဲ့သေးတယ်။ ဟော စကားချော်ကုန်ပြီ ..။ အဲလို သုခတွေ ရောက်ခဲ့တော့ ဒီနေ့သွားရင် အဲလိုဖြစ်မှာစိုးရိမ်လို့ အရင်ရက်ကတည်းက ကြိုတင်ပြင်ဆင်ပြီး တခြား ဘာစာရွက်တွေလိုသေးလဲလို့ သံရုံး Hot Line တွေ ဖုန်းဆက်မေး.. ဆက်မရ ...။ ဝဘ်ဆိုဒ်မှာ ပြထားတဲ့ အီးမေးလ်ကလဲ inquiry အတွက် ပို့မရဘူးဆိုလို့ ကိုယ့်ဘာသာကိုယ်ရှိသမျှ စာရွက်စာတမ်း .. မြန်မာပတ်စပို့ ၊ စလုံးနေထိုင်ခွင့်ကတ်၊ ကလေးမွေးစာရင်း၊ ပတ်စပို့ဓာတ်ပုံ ၊ အိမ်ထောင်စုဇယား၊ မိဘလက်ထပ်စာချုပ်ပါမကျန် အကုန်လုံးမိတ္တူရော မူရင်းရော ထည့်သွားတာ..။ တခုခုလိုလို့ မိတ္တူကူးရရင် ကိုယ်တယောက်တည်းနဲ့ ဒီကလေး ၂ ကောင် (အထူးသဖြင့် ဂျီမောင်မောင်) နဲ့က မလွယ်ဘူး။ ကလေးတို့အဖေက စနေ၊ တနင်္ဂနွေ အလုပ်မအားဘူး။ ကျောပိုးအိတ်ထဲမှာ စာရွက်စာတမ်းတွေ ၊ ကလေးဝတ်စုံအပိုတစုံစီ၊ အနွေးထည် တထည်စီ၊ မိုးကာ တထည်စီ ၊ကလေးတို့ ဦးထုတ် ၂ လုံး ၊ ပေါင်မုန့် ချောကလက်သုတ် ၂ ချပ်ထပ်ထားတာ ၃ ခု (အစားဂျီးများသော မှုံမှုံအတွက်) ၊ ရေဘူး၊ ရာကွတ်အအေးဘူးလေး ၃ ဘူး ၊ ဘီစကစ်လို ဝါးစရာ ၄-၅ ထုပ် ၊ တစ်ရှူး အစို၊ အခြောက် ၊ တယောက်စီအတွက် ကိုင်စရာအရုပ်အသေး တခုစီ ၊ ထီးတချောင်း၊ အမေအတွက်ရေဘူး ၊ ပိုက်ဆံအိတ် .. အကုန် ည ကတည်းက ကြိုထည့်ထားတယ် ( ဘုန်းကြီးကျောင်းသွားရင် စာရွက်စာတမ်းကလွဲလို့ ကျန်တာ အကုန် အတူတူပဲ ထည့်ရတယ်) ။ နောက်ကျမစိုးလို့ Grab တက်စီ ၁၅ ကျပ်နဲ့ ငှားစီးသွားတာ ၊ တက်စီဆရာ နောက်ကျနေလို့ လူအများကြီး တန်းစီရတော့မယ်ဆို စိတ်တွေပူရ ( သူငယ်တန်း ၂၀၀ လောက်ရှိတယ်လို့ မောင်ကြီးက ပြောထားတာကိုး) ။ တက်စီဆရာအဘိုးကြီးကလဲ ငါ့သူငယ်ချင်း အမည်မဖော်လိုသူဟဲဗီးလေးလို ဒေါ်ဂျီပီအက်စ် ပြောတဲ့အတိုင်း ကွေ့ပတ်မောင်းတာ ခါတိုင်း မိနစ် ၂၀ လောက်ကို ခု နာရီဝက်လောက်ကြာသွားတယ်။ အဲဒီလို ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ထားတဲ့ ကျောပိုးအိတ်ကြီးကို လိပ်ဖိုးဖိုးလိုလွယ်ပြီး ကလေး ၂ ယောက်လက်ဆွဲ သံရုံးရောက်တော့ ကိုယ့်ရှေ့မှာ အခုမှ စာရွက်ထဲအမှတ်ခြစ်ဆဲမိဘတယောက်ပဲ တွေ့ရတယ်..။ စာရွက်ပေး၊ လက်မှတ်ထိုးပြီး ပြန်ရုံပဲ ... ။ ကြိုမိတ္တူကူးထားတဲ့ စာရွက်တွေ ဘာမှ ပေးစရာမလိုဘူး..။ ကူးပြီးသားကြီးဖြစ်နေလို့ ယူထားလိုက်ပါလားငင်လို့ ပေးခဲ့ရ .. ဟင်းးးး. ကိစ္စစောစောပြီးပေမဲ့ ၁၀ နာရီ မိနစ်စွန်းရုံလေးမို့ ကလေးတို့ကိုပြဖို့ အောချတ်က ရှော့ပင်းမောတွေ မဖွင့်သေး..။ ပလာဇာစင်ကာပူရကိုပဲ ကျောပိုးအိတ်တထုပ်၊ မှုံ မောင် ဟူသော ရတနာထုပ်ကြီး ၂ ထုပ်နဲ့ ရောက်..ကစားစရာဆိုင်လိုက်ပြ .. ဆော့ .. မုန့်ကျွေးပြီး ၊ နေ့လည် ၂ နာရီကျော်မှ အိမ်ပြန်ရောက်တယ် ။

Thursday, January 19, 2017

မှုံ 5နှစ် ၁၀ လ အမှတ်တရ

ဒီနေ့ ချစ်သမီးလေး.. ၅ နှစ်နဲ့ ၁၀ လ ရှိပါပြီ။ လိမ္မာတဲ့အခါလိမ္မာ၊ ဆိုးတဲ့အခါဆိုး ၊ သိတတ်ရင်လဲ သူပဲ ၊ မသိတတ်ရင်လဲ သူ့အပြင်မရှိတဲ့ သူလိုကိုယ်လို သာမန် ကလေးမလေး..။ မောင်မောင်လေးကိုတော့ သိပ်ချစ်ရှာတယ်။ မောင်မောင် ဆိုးတာတွေကို သည်းခံတယ်။ တခါတလေလဲ သူက မောင်လေးကို မသိမသာ ညစ်တာရှိတယ်။ ဒါကလဲ ကြီးကြီး Gwan ခြေရာ မသိမသာလေး နင်းတာဆိုတော့လဲ ရှိပါစေပေါ့လေ..ဟီဟိ ။ သူ လိုချင်တာတွေနည်းတယ်..။ 2015 နိုဝင်ဘာက ဝယ်ထားတဲ့ ဖိနပ် အခုထိ စီးနေတုံးပဲ ..။ ဖိနပ်ဟောင်းနေလို့ အသစ်ဝယ်ပေးမယ်ပြောရင် အကောင်းကြီးရှိသေးတယ်.. မလိုချင်သေးဘူးတဲ့ ။ ပုံဆွဲခဲတံ ၊ ကျောပိုးအိတ် ၊ ဦးထုတ် စသဖြင့် သုံးနေတဲ့ပစ္စည်း မကုန်သေး မပျက်စီးသေးရင် အသစ်မပူဆာဘူး.. ဝယ်ပေးမယ်ဆိုရင်လဲ မယူဘူးတဲ့ ပြောတယ်။ အကျီအဝတ်အစားလဲ ထိုနည်းလည်းကောင်းပဲ ..။ အမေလုပ်သူက uniqlo မှာ ဈေးချတာလေးတွေ့ရင် ဝယ်ဝယ်လာလို့ သူ ထည်လဲ ဝတ်ရတယ်။ သူ့ကို ဝယ်ပေးရမလား တိုင်ပင်ရင် မလိုချင်ဘူးပဲ ။ တခါတလေ အရုပ်တွေ ဆက်တိုက်ပူဆာတတ်တာလေးတော့ရှိတယ်။ မေမေပြောထားတဲ့စကားတွေကို မှတ်ထားပြီး မေမေ့ကို ပြန်ဆုံးမတတ်တယ် ။ တလောက ကာတွန်းဖတ်ပြတာ ကာတွန်းထဲမှာ ကိုယ့်လောက်အသိဥာဏ်မရှိတဲ့လူကို ပြန်မလုပ်ရဘူး.. သူနားမလည်လို့လုပ်တာ ခွင့်လွှတ်ရမယ်ဆိုတဲ့ message လေးပေးတယ်။ သမီးကိုလဲ မောင်လေး တခါတလေ သမီးကိုလုပ်နေတာတွေက သူနားမလည်လို့ လုပ်နေတာမို့လို့ မအော်နဲ့ ခွင့်လွှတ်လိုက်ပါ လို့ ပြောမိတယ် ။ နောက် ၄-၅ ရက်ကြာတော့ မောင်မောင်က မတ်တပ်ရပ်နေတဲ့ အမေ့ထမီကို ဆွဲချနေလို့ .." ဟေ့ကောင်.. မင်းမနက်ကလဲ အမေ့ထမီကို ဆွဲချတယ် .. ကံကောင်းလို့ အရှက်မကွဲတယ်.." ဘာညာနဲ့ မလုပ်ဖို့ မောင်မောင့်ကို ခပ်တည်တည်ပြောလိုက်တော့ .. မယ်မှုံက .." မောင်လေးက မေမေ့လောက် အသိဥာဏ်မရှိသေးဘူးလေ.. ခွင့်လွှတ်လိုက်ပါ"တဲ့ ...။ အိမ်း... ကျန်ခဲ့တဲ့တပတ်လောက်ကသူ့ဆုံးမထားတဲ့ စကားကို မှတ်ထားပြီး နေရာတကျ အသုံးချနေတော့ သူ့ဆုံးမထားရင် ကိုယ်ပါ ဆင်ခြင်နေရတယ်။ မေမေ့ကို အင်္ဂလိပ်စာလုံး တခုခုပြောပြီး အဲဒါ မြန်မာလိုဘာလဲလို့မေးတတ်တယ်။ မေမေက စဉ်းစားပြီး ပြန်ပြောရင် .. ဒီလိုပြောရမယ်လို့ မေမေ့ကိုပြန်သင်တတ်တယ် .. မှတ်မိနေတာက ဟိုတနေ့က " မေမေ .. Good Idea ဆိုတာ ဘာလဲ" တဲ့ ..။ မေမေပြန်ဖြေတဲ့ အဖြေကို သူမကြိုက်ဘူး.. " Good Idea ဆိုတာ ဟုတ်ပြီ ..ဟုတ်ပြီ လို့ ပြောတာ...မေမေမှတ်ထားနော်" တဲ့... ၊ အမေလုပ်သူ သဘောတွေကျတာများ ဘာပြောကောင်းမလဲ ။ လောလောဆယ်တော့ သမီးကို မြန်မာစာသေချာသင်နေတယ်။ အစကတည်းက မြန်မာလိုလေး အနည်းဆုံးရေးတတ် ဖတ်တတ်စေချင်တယ်၊ ၊ မြန်မာလိုရေးတဲ့ စာလေး ကဗျာလေး ခံစားတတ်စေချင်တယ်၊ ပြီးတော့ အခြေအနေဆိုတာ ဘာမှကြိုတွက်ထားလို့မရလို့ ကိုယ်ဒီမှာ မနေဖြစ်လို့ မြန်မာပြည်ပြန်မယ်ဆိုရင် မြန်မာကျောင်းတက်ဖို့ မြန်မာစာတတ်မှ ဖြစ်မယ်လို့ ကလေးတို့ အဖေက ပြောတာရယ်ကြောင့် မပျက်မကွက် သင်နေရာကနေ ... စင်ကာပူကျောင်း Primary 1 ကျောင်းဝင်ခွင့်တွေက ရှေ့ ၂ နှစ်အခြေအနေအရ သိပ်မလွယ်တော့ မြန်မာပြည်မှာ ကျောင်းပြန်ထားရဖို့လမ်းက ပိုများတော့ သေသေချာချာဆက်သင်ဖြစ်တယ်။ သင်တယ်ဆိုတာလဲ ကျောင်းဖတ်စာအုပ်ထက် ကာတွန်းဖတ်ပြ၊ စာနည်းနည်းပဲပါတဲ့ ပုံပြင်စာအုပ်လေးတွေ ဖတ်ခိုင်း၊ စာရေးပျင်းတဲ့သမီးကို ပုံတဖက် ကဗျာတိုလေးတဖက်ပါတဲ့ စာအုပ်လေးနဲ့ ဆွဲဆောင် ပုံဆွဲခိုင်း အရောင်ခြယ်ခိုင်း..စာလေး နည်းနည်းချင်းရေးခိုင်းရတယ်။ ကံကောင်းတာက သမီးက မြန်မာကာတွန်းတွေ ပုံပြင်တွေကို အတော်စိတ်ဝင်စားတယ်။ အိမ်မှာဝယ်ထားတဲ့ ရွှေသွေးပေါင်းချုပ် ၃ အုပ်က သူ့အသည်းစွဲပဲ ။ ဦးသန်းကြွယ်ကာတွန်း ၂ အုပ်၊ ဦးမောင်စိန် တအုပ်မှာ ဦးသန်းကြွယ်ကို သူပိုသဘောကျတယ် ။ ညအိပ်ရာဝင်ကာနီးတိုင်း ရွှေသွေး ၃ ပုဒ် ဖတ်ပြရတယ် ။ နေ့လည်ဖက် မေမေ ဖတ်မပြနိုင်ရင် သူ့ဘာသာသူ တယောက်တည်း အသံထွက်ပြီး လေးလေးပင်ပင် ထိုင်ဖတ်နေတတ်တယ်။ စာမချောသေးဘူး.. တချို့အဓိပ္ပါယ်တွေ သူနားမလည်သေးဘူး။ K1 ကျောင်းပိတ်ရက် တိုပါးရိုးမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တာ တပတ် ၆ ရက်မို့ အမြဲမပို့နိုင်ပေမယ့် တဝက်စာလောက် သွားပို့ထားဖြစ်လိုက်တာလဲ အတော်ကံကောင်းသွားတယ်။ သမီး ဘုရားရှိခိုး အဲဒီကနေ အလွတ်ရသွားတယ်..။ အိမ်မှာက ငယ်ငယ်က မေမေသင်တာ နမောတဿ လောက်ပဲ တတ်တာ။ ကံငါးပါးတွေ ဘာတွေလဲ မြန်မာလိုသိသွားတယ်..။ သိသွားတော့ မေမေ ဆင်ခြင်ရတော့တယ်..။ မေမေ အဲလိုမလုပ်နဲ့ ( လက်ဖဝါး ၂ ဖက်ကို ဖျန်းဆို မြည်အောင် ရိုက်ပြလျှက် ) ၊ ဒီလိုပဲ လုပ်ပါ( လက်ကို ယမ်းပြလျှက်) တဲ့ ။ ခြင် ၊ ယင်၊ ဖြုတ်တွေကို မရိုက်ပါနဲ့ .. ။ လက်နဲ့ ယမ်းပြီး ခြောက်ထုတ်ပါ ပေါ့လေ...။ အေးပါကွာ... >.< ဗုဒ္ဓဝင်ကို ပြောပြခိုင်းတယ်..။ အိမ်မှာ ဗုဒ္ဓဝင်ကာတွန်း ၂ အုပ်တွဲရှိတာ အသေးစိတ်လွန်းလို့ သူ စိတ်မဝင်စားဘူး..။ မြန်မာပြည် ဓမ္မစကူးက စာအုပ်ရထားတာ..အဲဒီထဲက ကလေးတွေအတွက် အတိုချုပ် နားလည်အောင်ရေးထားတာလေးတော့ သူကြိုက်တယ် ။ ဘုရားက ဘယ်သူလဲ မြင်ဖူးချင်တယ်ဆိုလို့ ဘုန်းကြီးကျောင်းမှာ တို့တွေနေ့တိုင်းရှိခိုးနေတဲ့ အရုပ်ကြီးက ဘုရားရဲ့ ပုံကို ထုထားတာလို့ ပြောထားတယ်။ သြော် Giant ဘုန်းဘုန်း လားတဲ့ ။ သူမေးချင်တာ ဘုန်းကြီး အကြီးကြီးလား ပေါ့ ။ အပြင်က သူမြင်ဖူးတဲ့ ဘုန်းဘုန်းတွေနဲ့ သင်္ကန်းရုံတဲ့ပုံစံတူပြီး အကြီးကြီးဖြစ်နေလို့ ။ သူမေးတာလောက်ပဲ ပြောပြီး ကိုယ့်ဘာသာရှည်ကြောဘာမှ မရှင်းပြရဲသေးဘူး.. ကိုယ်လဲ သေချာမသိလို့.. ပြန်ဖတ်ရဦးမှာမို့လို့ .. ဟီး ။ ယဉ်ကျေးလိမ္မာတက်နေတဲ့အချိန်က တရက်မှာ ည အိပ်ကာနီး မေမေ ဘုရားရှိခိုးကြမယ် လို့ဆိုတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုန်းဘုန်းက ဘုရားမရှိခိုးပဲ အိပ်တဲ့လူဟာ တိရစ္ဆာန်အိပ်ခြင်းနဲ့ တူတယ်လို့ ပြောလိုက်လို့တဲ့ ။ ဖေဖေနဲ့ မေမေလဲ တိရိစ္ဆာန်အိပ်ခြင်းနဲ့ တူနေမယ်ဆိုပြီး ဘုရားရှိခိုးရအောင်ခေါ်တယ်..။ အဲဒီညက စ ပြီး သမီးလေး ကျေးဇူးနဲ့ ဖေဖေ၊ မေမေ နဲ့ သမီး ည အိပ်ကာနီးတိုင်း သံပြိုင် ဘုရားရှိခိုးဖြစ်တယ် ( အရင်က တခါမှ ဘုရားမရှိခိုးဖြစ်တဲ့ မေမေပါ ) ။ မောင်မောင်က ရှေ့တည့်တည့်က ထိုင်ကြည့်ပြီး သူရသလောက် ကပေါက်တိကပေါက်ချာ လိုက်ဆိုတယ် ၊ ည တိုင်းကြားပါများတော့ မောင်မောင်လဲ အတော်ရနေပြီ ။ သမီးလေးက အဓိပ္ပါယ် လုံးစေ့ ပတ်စေ့ နားမလည်သေးလို့ ကုသိုလ်ရ မရ မသိပေမယ့် ညစဉ် Family Bonding Time လေးတခုဖြစ်သွားလို့ သိပ်အဖိုးတန်တယ်လို့ ထင်မိတယ်။ သမီးအကြောင်းတွေ မရေးတာကြာလို့ အမှတ်တရ ရေးထားတာ ။ #မှုံ